Pinched nerve (အကြောညှပ်ခြင်း)
လွန်ကဲတဲ့ ပတ်ဝန်းကျင်ဖိအားတွေ (အရိုး၊ အရိုးနု၊ ကြွက်သား၊ အရွတ် စသည့်ဖြင့်) ဟာ အာရုံကြောကို လာသက်ရောက်တဲ့အခါ Pinched nerve ဖြစ်ရပြီး နာတာ၊ ကျဉ်တာ၊ ထုံတာ၊ အားလျော့တာတွေ ဖြစ်ရပါတယ်။
Pinched nerve ဟာ ခန္ဓာကိုယ်အနှံ့ နေရာအတော်များများမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ ကျောရိုးမရဲ့အောက်ဘက်မှာ အဆစ်ကျွံခဲ့သော် အာရုံကြောအရင်းကို ဖိပါလိမ့်မယ်။ ခြေထောက်တစ်ချောင်းလုံးရဲ့ နောက်ဘက်မှာ နာကျင်ပါလိမ့်မယ်။ အလားတူ လက်ကောက်ဝတ်ထဲမှာ အာရုံကြောညှပ်ခံရရင် လက်ဝါးနဲ့ လက်ချောင်းလေးတွေမှာ ထုံတာ၊ နာတာတွေ ဖြစ်ပါလိမ့်မယ်။
အနားပေးလိုက်ရင်၊ အချို့ ရှေးရိုးစွဲ ကုသပုံနည်းလမ်းတွေနဲ့ ကုသလိုက်ရင် ရက်ပိုင်းအတွင်း၊ရက်သတ္တပတ်အနည်းငယ်အတွင်း ကောင်းသွားတာလည်း ရှိနိုင်သလို ခွဲစိတ်ကုသမှ သက်သာတာလည်း ရှိနိုင်ပါတယ်။
လက္ခဏာများ
- အာရုံကြော ပံ့ပိုးပေးနေတဲ့နေရာမှာ အာရုံခံစားမှု လျော့ကျမယ်၊ ထုံမယ်
- စူးမယ်၊ ကိုက်မယ်၊ လောင်သလို ခံစားရမယ်
- ကျဉ်မယ်၊ ပင်အပ်နဲ့ ထိုးသလို ခံစားရမယ်
- ဖြစ်တဲ့နေရာမှာ ကြွက်သားအားနည်းမယ်
- မကြာခဏ ခြေ၊လက်တွေရဲ့ အာရုံခံစားမှု ပျောက်တတ်ပါတယ်
အကြောင်းအရင်း
ပတ်ဝန်းကျင်က တစ်ရှူးဆဲလ်တွေရဲ့ ဖိအားတွေက အာရုံကြောကို ဖိတဲ့အခါ အာရုံကြောညပ်ခံရပါတယ်။ ပင်မကျောရိုးရဲ့အဆစ်ကျွံခြင်းမှာ အရိုးနဲ့အရိုးနုတို့ဟာ အာရုံကြောတွေရဲ့ အရင်းကို အဖိခံရပါတယ်။ ကြွက်သားနဲ့ အရွတ်တွေကလည်း အာရုံကြောကို ဖိတတ်ပါတယ်။
Carpal tunnel Syndrome မှာလည်း Carpal Tunnel လို့ခေါ်တဲ့ လက်ဝါးရဲ့ လှိုဏ်ခေါင်းပုံစံ အဝန်းအဝိုင်းနဲ့ ဖြစ်တည်နေတဲ့ အရိုးတွေကြားထဲမှာ တည်ရှိနေတဲ့ Median nerve အာရုံကြောကို တစ်နည်းနည်းကြောင့် ယောင်ယမ်းလာတဲ့ ကြွက်သားအရွတ်တွေ ဖြစ်စေ၊ ကြီးလာတဲ့အရိုးကဖြစ်စေ၊ ထူပိန်းပျက်စီးလာတဲ့ အရွတ်ချောင်းတွေဖြစ်စေက ဖိတတ်ပါတယ်။
အာရုံကြောကို ပိစေတဲ့ အခြေအနေအရပ်ရပ်ကတော့
- ထိခိုက်ဒဏ်ရာ
- အဆစ်အမြစ် ယောင်ယမ်းတဲ့ ရောဂါ
- ထပ်တလဲလဲ လှုပ်ရှားအသုံးပြုနေရတဲ့ ဒဏ်
- အားကစား ကိုယ်လက်လှုပ်ရှားမှုတွေ
- အဝလွန်ခြင်း
- အမျိုးသမီးများ
- ဒဏ်ရာကြောင့် (သို့) အဆစ်ယောင်ယမ်းခြင်းကြောင့် အရိုးအတက်ထွက်ခြင်း
- သိုင်းရွိတ်ရောဂါ
- ဆီးချိုသွေးချိုရောဂါ
- ကိုယ်ဝန်ဆောင်
- နာတာရှည် အိပ်ရာထဲလဲနေသူ တို့ဖြစ်ပါတယ်။
အကယ်၍ အာရုံကြောဖိခံရတာဟာ အချိန်တိုပဲ ဖြစ်ခဲ့ရင် ရာသက်ပန် ထိခိုက်ပျက်စီးသွားတာမျိုး မရှိတတ်ပါ။ ဖိအားကို လျှော့ချဖယ်ရှားနိုင်ရင် အာရုံကြော အလုပ်ကောင်းကောင်း ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဖိအားဒဏ်ဟာ ဆက်ရှိနေမယ်ဆိုရင်တော့ နာတာရှည် နာကျင်ခံစားရကာ အာရုံကြော တစ်ဘဝတာ ပျက်စီးသွားနိုင်ပါတယ်။
ကာကွယ်ရန်နည်းလမ်းများ
- ကိုယ်နေဟန်ထားမှန်မှန်နဲ့ နေပါ။ အကြာကြီး ခြေထောက်ချိတ်ထိုင်တာမျိုး၊ ပုံစံတစ်မျိုးတည်းနဲ့ အိပ်တာမျိုး မလုပ်ပါနဲ့။
- ပုံမှန်လုပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုထဲမှာ အကြောပြေလျော့စေတဲ့၊ အကြောဆန့်တဲ့ လေ့ကျင့်ခန်းတွေကို ထည့်သွင်းပြုလုပ်ပါ။
- ထပ်တလဲလဲ ပြုလုပ်လှုပ်ရှားခြင်းကြောင့် ဒဏ်မဖြစ်ရအောင် အတိုင်းအတာ အကန့်အသတ်နဲ့ လုပ်ပါ။ နားသင့်တဲ့အချိန်မှာ ခဏအနားပေးပါ။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။
ကုသပုံများ
- အကြောဆန့်တဲ့ လေ့ကျင့်ခန်းများ (Physical Therapy)
- အကိုက်အခဲပျောက်ဆေးများ၊ အာရုံကြောနာကျင်မှု သက်သာစေတဲ့ ဆေးများ၊ အယောင်ကျဆေး corticosteroid များ
- အကယ်၍ လေ့ကျင့်ခန်း၊ သောက်ဆေးတွေနဲ့ လအတော်ကြာတဲ့အထိမှ မသက်သာရင် ခွဲစိတ်ကုသခံဖို့ လိုကောင်းလိုနိုင်ပါတယ်။
ရေးသားသူ - Dr. May Myat Tun